Saturday, December 7, 2013

ပညာရေးအတွေးအခေါ်



Details
Category: ပညာရေးအတွေးအခေါ်
Published on Sunday, 24 February 2013 11:52
Written by ဒေါက်တာ မင်းလှအောင်ကြီး

မူလတန်းလွန်ပညာရေးအဆောက်အအုံများ

ပညာသင်ခွင့်သည် လူတိုင်း၏ အခွင့်အရေးဟူသော ကမ္ဘာ့နိုင်ငံအသီးသီးက ထားရှိသောပညာရေး မူဝါဒအရ ကမ္ဘာ့နိုင်ငံ အားလုံးလိုလိုသည် ၎င်းမူဝါဒကို အကောင်အထည်ဖော်ရန် မိမိတို့၏နည်း၊ မိမိတို့ ၏ဟန်ဖြင့် တစ်မျိုးတစ်ဖုံစီ အကောင်အထည် ဖော်နေကြပါသည်။ ဤသို့အကောင်အထည်ဖော်ရာ တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ များစွာကွဲပြားမှု ရှိပါသည်။

အချို့နိုင်ငံများတွင် မူလတန်းလွန်ပညာရေး အဆောက်အအုံကို အထွေထွေပညာပေးရန် ရည်ရွယ် ချက်ဖြင့် ဖွဲ့စည်းပါသည်။ ၎င်းဖွဲ့စည်းပုံသည် ကျောင်းသားလူငယ်များအား တူညီသော အခြေခံပညာ ပေးရန် အတတ်နိုင်ဆုံး စီစဉ်ထားပါသည်။ သို့သော် ၎င်းဖွဲ့စည်းပုံအရ မူလတန်းလွန်ပညာရေး ပထမ အဆင့်တွင် ပညာရေးလမ်းကြောင်းများကို ခွဲခြားပေးနိုင်မည် မဟုတ်သေးပါ။ ထို့အတူ မူလတန်းလွန် ပညာရေး ဒုတိယအဆင့်တွင်လည်း ပညာရေးလမ်းကြောင်းများ ခွဲခြားမှုကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားပါသည်။ ကမ္ဘာ့အချို့နိုင်ငံများတွင်မူ မူလတန်းလွန်ပညာရေး ပထမအဆင့်တွင် ပညာရေး လမ်းကြောင်းခွဲခြားမှုများကို အတန်းအချို့အတွက်သာ ခွင့်ပြုထားပါသည်။ ဒုတိယအဆင့်၌သာ ပညာရေးလမ်းကြောင်း ခွဲခြားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုထားပါသည်။

အထက်ဖော်ပြပါ နိုင်ငံများနှင့်မတူညီသောအချက်များမှာ အချို့နိုင်ငံများတွင် ပညာရေးလမ်းကြောင်း အမျိုးမျိုးခွဲခြားမှုများကို မူလတန်းလွန် ပညာရေးပထမအဆင့် အငယ်တန်းများမှ အစပြု၍ စီစဉ်ထား သည့်အပြင် အတန်းအဆင့်များ အဆင့်ဆင့်မြင့်မားလာသည်နှင့်အမျှ ပို၍ထိရောက် ပီပြင်သော ပညာ ရေးလမ်းကြောင်းအမျိုးမျိုးကို ဆက်လက် ဆည်းပူးနိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့ကမ္ဘာတွင် လက်ရှိပညာရေး အဆောက်အအုံ ပုံစံသုံးမျိုးကို သက်ဆိုင်ရာနိုင်ငံများက နှစ်ပေါင်းများစွာ စမ်းသပ်အသုံးပြုနေကြသော်လည်း မည်သည့်ပုံစံက ညီတူညီမျှ ပညာသင်ကြားမှု အခွင့်အရေးကို ပေးနိုင်ပါသနည်းဆိုသော အချက်ကိုမူ ယနေ့ထက်တိုင် အငြင်းပွားနေကြရဆဲ ဖြစ်ပါ သည်။ အကယ်စင်စစ်နိုင်ငံရွေးချယ် ဖွဲ့စည်းရာတွင် အောက်ပါ အချက်များကို ထည့်သွင်း စဉ်းစားရ မည် ဖြစ်သဖြင့် အခက်ကြုံရမည်မလွဲပေ။

-အထွေထွေ ပညာရေး အဆောက်အအုံပုံစံကို လက်ခံကျင့်သုံးလျှင် ကျောင်းဆရာများထံမှ ဘက်စုံ အရည်အသွေးကို ရရှိဖို့ လိုအပ်ပါမည်။ သို့သော် ကျောင်းဆရာများတွင် ဘက်စုံအရည်အသွေးရှိသည့် တိုင် တစ်တန်းတည်း အတူတူ စာသင်ကြသည့် တပည့်များအား တက်တက်ကြွကြွ ပညာသင်ကြဖို့ နှိုးဆော်ရန်မှာ အခက်အခဲရှိနိုင်ပါသည်။ တပည့်များတွင် အထုံဝါသနာနှင့်စိတ်ဝင်စားမှုချင်း မတူညီပါ။

-မူလတန်းလွန်ပညာရေး ပထမအဆင့်တွင် အစပြု၍ ပညာရေးလမ်းကြောင်းအမျိုးမျိုးကို ခွဲခြားထား သော ပညာရေး အဆောက်အအုံပုံစံကို လက်ခံကျင့်သုံးလျှင် ကျောင်းဆရာများအဖို့ ဘာသာရပ်တစ် ခုခုကိုသာ ကျွမ်းကျင်ရမည်ဖြစ်၍ အလုပ်အကိုင် လွယ်ကူသက်သာပါသည်။ တပည့်များ၏ အထုံ ဝါသနာနှင့် စိတ်ဝင်စားမှုများကိုလည်း အားပေးမြှင့်တင်နိုင်သည်။ သို့သော် ၎င်းတို့အဖို့ ပညာရေးလမ်း ကြောင်းတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲသင်ယူရန် အခက်ကြုံရပါမည်။ ထို့အပြင် ပို့ချသော သင်တန်းအမျိုးမျိုးသည် အားလုံးတန်းတူ ရည်တူ တန်ဖိုးရှိကြောင်း တပည့်နှင့် မိဘများက လက်ခံယုံ ကြည်ထားဖို့ လိုပါသည်။ ကမ္ဘာ့နိုင်ငံ အတော်များများတွင် ဤကိစ္စနှင့် ရင်ဆိုင်ရပါသည်။

မူလတန်းလွန်ပညာရေးနှင့် အဆင့်မြင့် ပညာရေးဆက်သွယ်မှု

မူလတန်းပညာရေးအား မူလတန်းလွန် ပညာရေးနှင့် ဆက်သွယ်ပေးရာတွင် အခက်အခဲ ရှိလှမည် မဟုတ်ပါ။ မူလတန်းဆင့်မှ ထွက်လာသော ကလေးများအား မူလတန်းလွန် ပညာရေးပထမအဆင့် တွင် လက်ခံရုံသာ ဖြစ်ပါသည်။ သို့သော် အများဆုံးတွေ့ရှိရသော အခက်အခဲတစ်ခုမှာ မူလတန်း ကလေးများသည် မူလတန်းဆင့် ပညာသင်နှစ်များတွင် ဆရာတစ်ဦးတည်းဖြင့် သင်ကြားခဲ့ကြရာမှ မူလတန်း လွန်ဆင့် အစဦးပိုင်းတွင် ဘာသာရပ် ဆရာအမျိုးမျိုးနှင့် ရုတ်တရက် ရင်ဆိုင်ရခြင်းပင် ဖြစ်ပါသည်။

မူလတန်းလွန် ပညာရေးအား အဆင့်မြင့်ပညာရေးနှင့် ဆက်သွယ်ပေးရာတွင်မူ အခက်အခဲများ ပိုရှိ လာပါသည်။ အကြောင်းမှာ မူလတန်းလွန် အထက်ဆင့်မှ မွေးထုတ်လိုက်သော တပည့်များသည် ပညာရေးလမ်းကြောင်းအမျိုးမျိုးမှ သက်ဆိုင်ရာအရည်အချင်း အမျိုးမျိုးကို ရရှိလာခဲ့သောကြောင့်ဖြစ် ပါသည်။ ဥပမာအားဖြင့် အထွေထွေပညာရေးလမ်းကြောင်းမှ ထွက်လာသူများအား တက္ကသိုလ်တွင် ပညာဆက်သင်ရန် လက်ခံခြင်း၊ အထွေထွေပညာနှင့် အကြိုသက်မွေးသင်တန်းများမှ အောင်မြင်သူ များအား တက္ကသိုလ်အဆင့် မဟုတ်သေးသော အသက်မွေးဝမ်းကျောင်းသိပ္ပံများနှင့် ဆက်သွယ်ပေး ခြင်း အစရှိသော ပညာရေးအဆောက်အအုံ ဆက်သွယ်တည်ဆောက်ရေး ကိစ္စများတွင် အခက်အခဲ များစွာရှိပါသည်။

အချို့နိုင်ငံများတွင် မူလတန်းဆင့် ပညာရေးနှင့် မူလတန်းလွန်ဆင့် ပညာရေး ချိတ်ဆက်မှု မခိုင်မာ သောကြောင့် အခြေခံပညာကို လုံလုံလောက်လောက်မရရှိဘဲ ကျောင်းထွက်သွားရခြင်းနှင့် အသက် မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုခုကို မတတ်မြောက်ဘဲ ကျောင်းကိုစွန့်ခွာသွားရခြင်းတည်းဟူ သော ပညာရေး လေလွင့်မှုများ ရှိနေပါသည်။ ထို့အတူ မူလတန်းလွန်ဆင့် ပညာရေးနှင့် အဆင့်မြင့် အသက်မွေးဝမ်းကျောင်းပညာရေး ချိတ်ဆက်မှု မခိုင်မာသောကြောင့် လူ့အဖွဲ့အစည်းတွင် လူနေမှု အဆင့်ဟန်ချက် မညီမှုများကို ဖြစ်ပေါ်စေပါသည်။ အများဆုံး ဟန်ချက်မညီမှုကို တက္ကသိုလ်အဆင့် ပညာရေးနှင့် တက္ကသိုလ်အဆင့် မဟုတ်သော အသက်မွေးဝမ်းကျောင်းပညာရေးလောကတွင် တွေ့ရ ပါသည်။ မျက်မှောက်ကာလတွင်ပင် ကျောင်းသားလူငယ်များနှင့် မိဘများသည် အသက်မွေးဝမ်း ကျောင်း သင်တန်းများထက် တက္ကသိုလ်အဆင့် ပညာရေးကိုသာ အထင်ကြီးပါသည်။ အသက်မွေးဝမ်း ကျောင်းသင်တန်းများကလည်း အားရဖွယ်ကောင်းလောက်သော ဆွဲဆောင်မှုများ မရှိသေးပါ။

ပညာသင်ခွင့် ဒုတိယအခွင့်အရေး

မျက်မှောက်ကာလ ကမ္ဘာ့နိုင်ငံအတော်များများတွင် မူလတန်းလွန်ပညာရေးကို ပြီးမြောက်စွာ မသင်ယူ နိုင်ခဲ့သော ပုဂ္ဂိုလ်များအတွက်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်စုံတစ်ခုကိုမျှ မရရှိခဲ့သော ပုဂ္ဂိုလ်များအတွက်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းကို စွန့်လွှတ်ခဲ့ ရသူများအတွက်လည်းကောင်း၊ ပညာသင်ခွင့် ဒုတိယအခွင့်အရေးကို ဖန်တီးထားပေးပါသည်။ ဤကဲ့ သို့သော ပညာရေးအဆောက်အအုံမျိုးများကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံး တွေ့ရှိရပါသည်။ ဖွံ့ဖြိုးသည့် စက်မှုနိုင်ငံများကလည်း အသုံးပြုပါသည်။ နေ့သင်တန်း၊ ညနေသင်တန်းနှင့် အဝေးရောက် သင်တန်းများဖွင့်၍ စီစဉ်ပေးပါသည်။ ၎င်းသင်တန်းများအတွက် စာပေးစာယူ သင်တန်းတည်း။ ရေဒီယိုနှင့် ရုပ်မြင်သံကြားဖြင့် ပို့ချနည်း၊ ကွန်ပျူတာဖြင့် ပို့ချနည်း အစရှိသော နည်းအမျိုးမျိုးကို မိမိတို့ နိုင်ငံနှင့် သင့်လျော်သလို အသုံးပြုနေကြပါသည်။ ၎င်းသင်တန်းများ၏ အဓိက ရည်ရွယ်ချက်နှစ်ရပ်မှာ အခြေခံပညာကို ခိုင်မာစေ၍ သဘောတရား အသိပညာကို ထပ်လောင်း အင်အားဖြည့်ရန်နှင့် နိုင်ငံ၏ လိုအပ်ချက်နှင့် သဟဇာတဖြစ်မည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ရရှိစေရန် ဖြစ်ပါသည်။

မူလတန်းလွန်ပညာရေး သင်ရိုးညွှန်းတမ်း

ကမ္ဘာ့နိုင်ငံများ၏ မူလတန်းလွန် ပညာရေးသင်ရိုးညွှန်းတမ်းများကို ခြုံငုံသုံးသပ်လျှင် သင်ရိုးညွှန်းတမ်း အခြေအနေကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

မူလတန်းလွန် ပညာရေးပထမအဆင့်၏ သင်ရိုးညွှန်းတမ်း။

ဤအဆင့်၏ သင်ရိုးညွှန်းတမ်းကို ယေဘုယျအားဖြင့် အဓိကကျသော မသင်မနေရ ဘာသာများနှင့် စိတ်ကြိုက် ရွေးချယ်နိုင်သည့် ဘာသာအချို့တို့ဖြင့် ဖွဲ့စည်းထားပါသည်။ သင်ရိုးညွှန်းတမ်းသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားမှု ရှိသော်လည်း ၎င်းတွင် ယေဘုယျအားဖြင့် မိခင်ဘာသာစကား၊ သင်္ချာ၊ သမိုင်းနှင့် ပြည်သူ့နီတိ၊ ပထဝီဝင်၊ သဘာဝသိပ္ပံ ဘာသာရပ်များ၊ ရူပဗေဒနှင့် ဓာတုဗေဒ၊ အနုပညာ၊ ကာယပညာနှင့် လက်မှုပညာရပ်များ ပါဝင်ပါသည်။ ၎င်းဘာသာရပ်များအပြင် အချို့နိုင်ငံ များတွင် လူထုဆက်သွယ်ရေးနည်းလမ်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ လမ်းပန်း အန္တရာယ်ကင်းရေး၊ လိင်ပညာ၊ အသက်မွေးဝမ်းကျောင်း လမ်းညွှန်မှုနှင့် မိုက်ကရို ကွန်ပျူတာများ အသုံးပြုပုံတို့ကို သင်ရိုးနှင့် ဆက်နွှယ်သင်ကြားပေးပါသည်။ မသင်မနေရ (သို့မဟုတ်) စိတ်ကြိုက် ရွေးချယ်ရေးအတွက် ယေဘုယျအားဖြင့် ဒုတိယနှင့် တတိယဘာသာစကား၊ သင်္ချာနှင့် သိပ္ပံ ပညာရပ်များ၊ နည်းပညာနှင့်ကွန်ပျူတာ သိပ္ပံများကို ပြဋ္ဌာန်းထားပါသည်။ ပညာရေးလမ်းကြောင်း အမျိုးမျိုးကို မူလတန်းလွန် ပညာရေး ပထမအဆင့်မှ အစပြုကျင့်သုံးသည့် နိုင်ငံများတွင် အဆန်းဆင့် တစ်ခုတည်း၌ပင် သင်ရိုးကွာခြားမှု ရှိပါသည်။

မူလတန်းလွန် ပညာရေး ဒုတိယအဆင့်၏ သင်ရိုးညွှန်းတမ်း။

ဤအဆင့်တွင် ပညာရေးလမ်းကြောင်းအမျိုးမျိုး ကွဲပြားနေသည်နှင့်အမျှ သင်ရိုးညွှန်းတမ်း ဖွဲ့စည်းပုံက လည်း ကွဲပြားမှုရှိပါသည်။ တူညီသော သင်ရိုးညွှန်းတမ်းကို လက်ခံကျင့်သုံးသည့် အချို့နိုင်ငံများမှ လွဲ၍ နိုင်ငံအတော်များများတွင် သင်ရိုးညွှန်းတမ်း အမျိုးမျိုးကို အသုံးပြုရပါသည်။ ဤသို့အားဖြင့် နှစ်ရှည် မူလတန်းလွန် အထွေထွေပညာရေး သင်ရိုးများကို သင်ကြားပြီး တက္ကသိုလ်များနှင့် အင်ဂျင်နီယာကျောင်းများသို့ တက်ရောက်ဆည်းပူးရန် ရည်မှန်းသည့် လူငယ်များအတွက် မူလတန်းလွန် ပထမအဆင့်တွင် ၎င်းတို့သင်ခဲ့သည့် ဘာသာရပ်များကိုပင် ဆက်လက်၍ အဆင့်မြင့်မြင့် နက်နက်နဲနဲ သင်ယူနိုင်ရန် စီစဉ်ပေးရပါသည်။ နှစ်တို မူလတန်းလွန် အထွေထွေ ပညာရေးနှင့် အကြိုသက်မွေး ပညာရပ်များကို လေ့လာလိုက်စားသည့် လူငယ်များအတွက် သင်ရိုးတွင် အထွေထွေပညာကို သဘောတရားပိုင်းတွင် လျှော့၍ပြဋ္ဌာန်းပြီး အသက်မွေး ဝမ်းကျောင်းပညာရပ် သင်ရိုးများကို အဓိကထား၍ စီစဉ်ပေးရပါသည်။ တစ်ဖန် အချိန်ပြည့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများနှင့် အလုပ်သင်ကျောင်းများမှ လူငယ်များအတွက် အထွေထွေပညာသင်ရိုးကို အတတ်နိုင်ဆုံးလျှော့ချပြီး အသက်မွေးဝမ်းကျောင်းပညာရပ် သင်ရိုးများ ကိုသာ အဓိကထား၍ သင်ကြားပေးပါသည်။ အထူးသဖြင့် အချိန်ပြည့် အသက်မွေးဝမ်းကျောင်း ပညာရပ်သင်ရိုးများသည် ခေတ်မီတိုးတက်နေသော နည်းပညာများနှင့် အမြဲတစ်စေ ထိတွေ့ ဆက်စပ်မှု ရှိနေရပါသည်။

ခြုံ၍ကြည့်လျှင် အကြိုတက္ကသိုလ်ဆင့် အထွေထွေမူလတန်းလွန်ပညာရေးသည် ကွဲပြားသော ပညာ ရေးအတွေးအခေါ်နှစ်ရပ်ကို အကြောင်းပြု၍ လမ်းကြောင်းနှစ်ရပ်အပေါ် ရပ်တည်နေကြောင်း အောက် ပါအတိုင်းတွေ့ရပါသည်။

- ကမ္ဘာ့နိုင်ငံ အတော်များများတွင် မူလတန်းလွန် ပထမဆင့်ပြီးမြောက်၍ မူလတန်းလွန် ဒုတိယအဆင့် တွင် ပညာသင်ယူနေကြသည့် ကျောင်းသားများသည် ဘာသာရပ်အချို့ကိုသာ အဓိကထား၍ လေ့ လာပါသည်။ ရည်ရွယ်ချက်မှာ ၎င်းဘာသာရပ်များမှလွဲ၍ အခြားမည်သည့်ပညာရပ်ကိုမှ လျှောက်လွှာ တွင်မတောင်းဆိုသည့် တက္ကသိုလ်သို့ ဝင်ခွင့်စာမေးပွဲ ဖြေဆိုနိုင်ရန် ဖြစ်ပါသည်။

- မူလတန်းလွန် ပညာရေးကို နှစ်ရှည် ပညာရေးအဖြစ် လက်ခံကျင့်သုံးထားသော အခြားနိုင်ငံများတွင်မူ မူလတန်းလွန် ပညာသင်နှစ် တစ်လျှောက်လုံးအတွက် ဘာသာရပ် ဆယ်မျိုးခန့်ကို ပြဋ္ဌာန်းထားပါသည်။ ကလေးသူငယ်များ၏ အရည်အချင်းနှင့် ဝါသနာများကို အခြေခံ၍ နောက်ပိုင်းမှ ဘာသာစကား၊ သင်္ချာ၊ သိပ္ပံ၊ ဘောဂဗေဒ၊ အနုပညာ စသည်ဖြင့် အထူးပြု သင်ကြား လေ့ကျင့်ပေးပါသည်။ ဤသို့အားဖြင့် မူလတန်းလွန်ဆင့်ပြီးမြောက်သည့် လူငယ်တစ်ဦးသည် တက္ကသိုလ် သို့မဟုတ် ပိုလီတက္ကနစ် ကျောင်းတစ်ခုခုသို့ ဝင်ရောက်ရန် အခွင့်အရေးများစွာ ရှိပါသည်။ တစ်ခါတစ်ရံ ဝင်ခွင့်စာမေးပွဲပင် ဖြေရန်မလိုပါ။

မူလတန်းလွန်ပညာရေးသင်ရိုးညွှန်းတမ်း၏ အားနည်းချက်များ

ကမ္ဘာ့နိုင်ငံများ၏ မူလတန်းလွန် ပညာရေးသင်ရိုးညွှန်းတမ်းများကို စိစစ်ပါက ၎င်းတို့၏ အားနည်းချက် များကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

မူလတန်းလွန်ပညာရေးပထမအဆင့်။

ဤအဆင့်၏ သင်ရိုးညွှန်းတမ်းတွင် အကြောင်းအရာအမျိုးမျိုးဖြင့် ပြွတ်သိပ်စုပြုံနေတတ်ပါသည်။ ဘာ သာရပ်ဟောင်းများနှင့်အတူ ဘာသာရပ်အသစ်များကို အစီအစဉ်တကျ စဉ်းစားစိစစ်ခြင်းမပြုဘဲ အလွယ်တကူ ပေါင်းထည့်ထားတတ်ပါသည်။ ၎င်း၏ အကျိုးရလဒ်မှာ ရေဒီယို၊ ရုပ်မြင်သံကြား အစရှိ သော ဆက်သွယ်ရေးကိရိယာများနှင့် ပို့ချချက်ဖြင့် ကျောင်းသားလူငယ်တို့အား ဘာသာရပ် သင်ကြား မှုအတွက် အပေါ်ယံကြောတတ်မြောက်မှုကိုသာ ရရှိစေသည်။ ထို့အပြင် ကျောင်းသားလူငယ်များ သည် ကွန်ပျူတာနှင့် ကွန်ပျူတာကစားနည်းများတွင် ပို၍ အာရုံစိုက်လာသဖြင့် စာဖတ်ခြင်း၊ စာစီကုံး ခြင်းတည်းဟူသော သမားရိုးကျလေ့ကျင့် သင်ကြားမှုများကို အချိန်အနည်းငယ်သာ ပေးနိုင်တော့ သည်။

မူလတန်းလွန်ပညာရေး ဒုတိယအဆင့်။

ဤအဆင့်တွင် နှစ်ရှည်မူလတန်းလွန် အထွေထွေပညာရေး သင်ရိုးညွှန်းတမ်း၌လည်း အကြောင်းအရာ အမျိုးမျိုးဖြင့် ပြွတ်သိပ်စုပြုံနေပါသည်။ နှစ်ရှည် အထွေထွေပညာရေးကို ပြဋ္ဌာန်းသော နိုင်ငံများတွင် သင်ရိုးညွှန်းတမ်းသည် စွယ်စုံကျမ်းသဖွယ် ဖြစ်စေပါသည်။ တစ်ဖန် အသက်မွေးဝမ်းကျောင်းပညာရပ် ကို စောစီးစွာ ပြဋ္ဌာန်သောနိုင်ငံများတွင် သင်ရိုးညွှန်းတမ်းသည် တက္ကသိုလ်နှင့် အချိတ်အဆက်မရှိ ဖြစ်နေပါသည်။ အချိန်ပြည့် အသက်မွေးဝမ်းကျောင်းသင်တန်းများအတွက် သင်ရိုးညွှန်းတမ်းများကို လည်း ဖြစ်သင့်သည့်အတိုင်း မဖွဲ့စည်းနိုင်သေးပါ။ ဤသို့ဖြစ်ရခြင်းမှာ နည်းပညာပိုင်းဆိုင်ရာ သင်ကြား မှုကို ကျောင်းသင် ပညာရေးဘောင်အတွင်း၌သာ အကောင်အထည်ဖော်ရသဖြင့် စက်ရုံအလုပ်ရုံများ အတွင်း ခေတ်မီကိရိယာများ တိုးတက်တပ်ဆင်လာမှုများကို အမီမလိုက်နိုင်သောကြောင့် ဖြစ်ပါသည်။ သို့သော် အလုပ်သင် ပညာရေးကို အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများနှင့် စက်ရုံများက ခွဲဝေတာဝန်ယူသော နိုင်ငံအချို့တွင် ကျောင်းများ၌ စာသင်ချိန် လုံလောက်မှု မရှိတော့ချေ။

ခြုံ၍ကြည့်လျှင် သင်ရိုးညွှန်းတမ်း၌ ဘာသာရပ်များကို အလျင်စလို ကတိုက်ကရိုက် ခေတ်မီအောင် ပုံသွင်းခြင်းအားဖြင့် ဆရာများ၏ ကိုယ့်ကိုယ်ယုံကြည်မှုနှင့် ပုဂ္ဂိုလ်သိက္ခာကို အားနည်းစေခြင်း၊ တပည့် များစိတ်အားထက်သန်မှုကို ကျဆင်းစေခြင်း၊ မိဘများ၏ စိတ်မသက်မသာမှုကို ဖြစ်စေခြင်း စသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေပါသည်။

သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ အကြံပြုချက်

ဖော်ပြပါ မူလတန်းလွန်ပညာရေး သင်ရိုးညွှန်းတမ်းများ၏ အားနည်းချက်များကို အခြေပြု၍ နောင်အခါ သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အောက်ပါအချက်များကို စဉ်းစားသင့်သည်ဟု ယူဆပါသည်။

မူလတန်းလွန် ပညာရေးအဆင့် သင်ရိုးညွှန်းတမ်းကို ရေးဆွဲရာတွင် လက်ရှိ သင်ရိုးညွှန်းတမ်းများကို ကျစ်လျစ်သိပ်သည်းအောင် ပြုသင့်ပါသည်။ ဘာသာရပ်အဟောင်းနှင့် အသစ်များမှ အဓိကကျသော အပိုင်းများကိုသာ ရွေးချယ်ပြဋ္ဌာန်းသင့်ပါသည်။ အကြောင်းအရာအသစ်များကို အတတ်နိုင်ဆုံး ဆက် စပ်ပေးသည်နှင့်အမျှ သင်ရိုးတစ်ခုလုံးတွင် ပြွတ်သိပ်စုပြုံနေခြင်း မရှိစေရန် သတိချပ်သင့်ပါသည်။ အသိပညာကဏ္ဍ အမျိုးမျိုးကို ဘာသာရပ် ရှုထောင့်အသီးသီးမှ သုံးသပ်၍ ဘာသာရပ်အချင်းချင်း အပြန်အလှန် ဆက်စပ်သော နည်းလမ်းဖြင့် စီစဉ်ပြဋ္ဌာန်းသင့်ပါသည်။ ဤသို့စီစဉ်ရာတွင် ဘာသာရပ် တိုင်း၌ ကိုယ်ပိုင်ရည်မှန်းချက်ရှိကြောင်း မမေ့သင့်ပါ။

မူလတန်းလွန်ပညာရေး ဒုတိယအဆင့် သင်ရိုးညွှန်းတမ်းနှင့် ပတ်သက်၍ နှစ်ရှည် အထွေထွေပညာ ရေးသင်ရိုးတွင် စွယ်စုံကျမ်းဆန်ဆန် ဗဟုသုတများဖိသိပ်ထည့်ခြင်းနှင့် ဘာသာရပ် တရားလွန် အထူး ပြုခြင်းတို့ကို ရှောင်သင့်ပါသည်။ ဤအချက်နှင့်ပတ်သက်၍ လူငယ်များအား အထွေထွေပညာရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆည်းပူးစေလိုသည့် နိုင်ငံများအဖို့ ဘာသာရပ်အချို့ သင်ကြားမှုအတွက် အဆင့် နှစ်ဆင့်ကို စဉ်းစားသင့်ပါသည်။ ပထမအဆင့်တွင် ၎င်းဘာသာရပ်များအား အခြေခံသဘောမျှသာ သင်ကြားခြင်းဖြစ်၍ ဒုတိယအဆင့်ကျမှသာလျှင် ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ်သင်ကြားပေးသင့်ပါ သည်။ အထူး ဘာသာရပ်များကိုသာ စာမေးပွဲစစ်၍ သက်ဆိုင်ရာ တက္ကသိုလ်ဌာနများသို့ ပညာသင်ခွင့် ပေးသည့်စနစ်ကို ကျင့်သုံးသည့်နိုင်ငံများအဖို့ မူလတန်းလွန် ဒုတိယအဆင့်တွင် ဘာသာရပ်သင်ကြား မှုနယ်ပယ်ကို ချဲ့ထွင်ပေးသင့်ပါသည်။

အကြို အသက်မွေးဝမ်းကျောင်းပညာရေးနှင့် တွဲဖက်ထားသည့် နှစ်တို အထွေထွေပညာရေး သင်ရိုး တွင် သဘောတရားပိုင်းကဏ္ဍအား အလွန်အမင်း ထည့်သွင်းထားခြင်း မပြုသင့်ပါ။ အသက်မွေးဝမ်း ကျောင်းဦးတည်ချက်ကိုသာ အလေးထားသင့်ပါသည်။ တစ်ဖန်အချိန်ပြည့် အသက်မွေးဝမ်းကျောင်း သင်တန်းများအတွက် သင်ရိုးများရေးဆွဲရာတွင် အထွေထွေ အသိပညာရရှိရေး၊ ခေတ်သစ် နည်းပညာ တိုးတက်မှုများနှင့် ရင်ဘောင်တန်းလိုက်နိုင်ရေး စသည့်အချက်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

ရည်ညွှန်းချက်

"Secondary Education in the World" , Information File, Number 7, 1986, International Bureau of Education, UNESCO,

ပညာရေးရဲ့အနှစ်

ပညာရေးရဲ့အနှစ်

Details
Category: စာဖတ်ခန်း
Published on Sunday, 25 August 2013 04:17
Written by ကိုကြီးသောင်း

ပညာရေးမှာ အဓိက ပလေယာ ၄ ဦးရှိပါတယ်။ ဒီပလေယာ၎ ဦး တဦးဦး ဖောက်ပြန်ရင် ပညာရေးဟာ ဘာတွေ ဘယ်လောက်ပြင်ပြင် ကျပြီးရင်း ကျနေမှာပါပဲ။

၁။ အစိုးရ

ပညာရေးအပေါ် သုံးတဲ့အသုံးစရိတ် မတိုးသေးသရွေ့ ပညာရေးကောင်းမှ တိုင်းပြည်ကောင်းမည်ဟူသော ခံယူချက်အား အပေါ်ယံ ပြောပြီး နှစ်နှစ်ကာကာ မယုံသေးသရွေ့၊ 
ကျောင်းသားအား မိမိတို့အာဏာ ကုလားထိုင်ကို ဖယ်ရှားမည့်သူဟု ခံယူထားသေးသရွေ့၊
၂။ ဆရာ ဆရာမ

ကျောင်းသားကျောင်းသူအား ဈေးကွက်တခုပမာ သဘောထားနေသရွေ့၊
လစာမလောက်သော အကြောင်းပြချက်ဖြင့် ဆရာ ဂုဏ် ပျက်ယွင်းနေသရွေ့
ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် မိမိတို့အခန်းကဏ္ဍသည် အရေးအကြီးဆုံး ဆိုသောအချက်အား မေ့နေသရွေ့
မိမိကိုယ်တိုင် တာဝန်ယူမှု တာဝန်ခံမှုနှင့် စေတနာ နည်းနေသရွေ့
ဆရာ ဆရာ မတို့၏ တီထွင်ဖန်တီးမှု နည်းနေသရွေ့
၃။ မိဘ

မိမိတို့ သားသမီး အောင်မြင်မှုရန် မသမာမှုပြုရန် စည်းကမ်း ဥပဒေပြင်ပမှ ဆောင်ရွက်ရန်ဝန်မလေးသရွေ့
ငွေ အာဏာ အသုံးပြု လိုရာ ရရန် ဆောင်ရွက်ဖို့ ၀န်မလေးသရွေ့
မိဘများ အစိုးရ ဆရာ ဆရာ မများနှင့် ပူးပေါင်းဆောင်ရွက်ရန် အားနည်းနေသရွေ့
မိမိသားသမီး ပညာတတ်ရေးထက် အမှတ်ကောင်း လိုင်းကောင်းရရန် ဦးတည်နေသရွေ့
ဆရာဆရာမနှင့် ပူးပေါင်းရမည့်အစား အပြစ်ရှာ ရန်သာ ဦးတည်နေသရွေ့
၎ ။ကျောင်းသား ကျောင်းသူ

ကျောင်းသား ကျောင်းသူများ စည်းကမ်းတကျ ပညာမသင်ကြားသရွေ့
ဆရာ ဆရာမအပေါ် ရိုသေလေးစားမှု ပျောက်ဆုံးနေသရွေ့၊
မိမိကိုယ်တိုင် ရိုးရိုးသားသား ကြိုးစားလိုစိတ် ပျောက်ဆုံးနေသရွေ့၊
အနာဂတ် တိုင်းပြည်အတွက် ထမ်းဆောင်ရန် ဟူသော ရည်ရွယ်ချက်မရှိသေးသရွေ့၊
ပညာရေးမှာ ဘာပဲလုပ်လုပ် မအောင်မြင်နိုင်ကြောင်းပါ။ တိုင်းပြည်လည်းဆင်းရဲတွင်းမှ မထွက်နိုင်သလို ဘ၀ အာမခံချက်လည်း ဘာမျှမရှိနိုင်ကြောင်းပါ။

မညီမျှတဲ့ ဆရာ၊ ဆရာမ အချိုးနဲ့ ကျောင်း စာသင်ခန်းများ

မညီမျှတဲ့ ဆရာ၊ ဆရာမ အချိုးနဲ့ ကျောင်း စာသင်ခန်းများ

စာမေးပွဲခန်းထဲမှာ ကျောင်းသား ဦးရေက ၃၀ ၀န်းကျင်လောက်ပဲ ရှိတဲ့အတွက် တစ်ဦးချင်းစီကို ဆရာမဒေါ်ထားထား တစ်ယောက် အသေအချာ ဂရုစိုက် ကြည့်ရှုနိုင်ပါတယ်။ စာမေးပွဲ ဖြေနေတဲ့ နှစ်ကျ ကျောင်းသား တစ်ဦး လုံချည်ထဲက စာရွက်အချို့ကို နှိုက်ယူပြီး ကူးချ နေတာကို သူမ သတိထားမိပါတယ်။ ဒါပေမဲ့ အဲဒီ ကျောင်းသားကို ဆွဲယူ ဖမ်းဆီးဖို့တော့ မကြိုးစား ဖြစ်ခဲ့ပါဘူး။

“တကယ်လို့သာ ကျွန်မရဲ့ အခန်းစောင့်ဖော်က အမျိုးသား (ယောက်ျားလေး) ဆရာတစ်ယောက် ဖြစ်ခဲ့ရင် ဒီကျောင်းသား မသမာ နည်းနဲ့ ဖြေဆိုနေတာကို တားဆီးနိုင်ခဲ့မှာပါ” လို့ လုပ်သက် ဆယ်နှစ် ၀န်းကျင်ရှိပြီဖြစ်တဲ့ အ.ထ.က (၃) တာမွေက အထက်တန်းပြ ဆရာမ ဒေါ်ထားထားက (အမည်လွဲ) က ပြောပါတယ်။

နှစ်ပေါင်း နှစ်ဆယ်အတွင်း အခြေခံပညာ ကျောင်းတွေမှာ အမျိုးသား ကျောင်းဆရာ နည်းပါးလာမှု က ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ တော့ မရှိသလောက် ဖြစ်သွားခဲ့တယ်လို့ ဒဂုံမြို့နယ် အတွင်းရှိ အထက်တန်းကျောင်းက ကျောင်းအုပ် ဆရာကြီးက ပြောပါတယ်။ ၁၉၈၈ နှောင်းပိုင်းထိ အခြေခံပညာကျောင်းတွေမှာ ဘက်ညီခဲ့တဲ့ ဆရာ၊ ဆရာမ ဦးရေဟာ အခုအခါမှာတော့ နှစ်ရာခိုင်နှုန်းတောင် မပြည့် တော့ဘူးလို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ကျောင်း တစ်ကျောင်းတည်းမှာတောင် ဆရာမ ၁၅၀ ရှိတယ်။ ဆရာက နှစ်ယောက်ပဲ ရှိတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အမျိုးသား ဆရာတွေ ဘယ်လောက် နည်းနေပြီလဲဆိုတာ တွက်လို့ ရပါတယ်”” လို့ ကျောင်းအုပ် ဆရာကြီးက တွက်ချက် ပြပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံပညာ ကျောင်းတွေမှာ အမျိုးသားဆရာ နည်းပါးလာ မှုဟာ ဆယ်စုနှစ် နှစ်ခု အတွင်း ၈၀ ရာခိုင်နှုန်း ခန့် လျော့ကျ လာခဲ့တယ်လို့ ဆရာအတတ်သင် နည်းပညာ တက္ကသိုလ်မှာ သုံးနှစ်ကျော်ကြာ နည်းပြ ဆရာအဖြစ် သင်ကြားခဲ့တဲ့ ဆရာ ဦးထွန်းထွန်း (ကျန်းမာရေး ပင်စင်) က ပြောပါတယ်။

နှစ်စဉ် လာရောက် တက်ရောက်သူ ၁၅၀ ကျော်ရှိတဲ့အနက် အများစုက အမျိုးသမီးတွေ ဖြစ်ကြပြီး လူဦးရေ ၂၀ လောက်ပဲ အမျိုးသား တွေ ပါဝင်ကြောင်း သူက စာရင်း ဇယားများနဲ့ ပြောပြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပညာရေး စစ်တမ်းအရ ၁၉၅၇ ခုနှစ် ၀န်းကျင်မှာ မြန်မာ့ ပညာရေးဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အဆင့်တစ်နေရာက ရပ်တည်ခဲ့ပေမယ့် ၁၉၆၂ ခုနှစ် စစ်အစိုးရ တက်လာပြီး နောက်ပိုင်းမှာ မြန်မာ့ ပညာရေးဟာ နိမ့်ကျ လာခဲ့တာကို တွေ့ရ ပါတယ်။ ၂၀၀၅ ခုနှစ် ၀န်းကျင်မှာတော့ နိုင်ငံပေါင်း နှစ်ရာမှာ မြန်မာ့ ပညာရေး အဆင့်ဟာ ၁၉၇ ထိ လျော့ကျလာခဲ့ တယ်လို့ ကျူရှင် လောကမှာ နာမည် ကျော်ကြားနေတဲ့ ၀ါရင့် ကျောင်းဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် (မြန်မာစာ) က ကုလသမဂ္ဂ စစ်တမ်းကို ကိုးကားပြီး ပြောပါတယ်။

ခေတ်အဆက်ဆက်က အမျိုးသား ကျောင်းဆရာတွေဟာ ကျောင်းတွင်း လုပ်ငန်းတွေ အပြင် ကျောင်းပြင်ပ လုပ်ငန်းတွေကိုပါ လုပ်ကိုင် ခဲ့ရပေမယ့် ရရှိတဲ့ လစာနဲ့ အခွင့်အရေးတွေက အင်မတန် နည်းပါးခဲ့ပါတယ်။ အဆိုးဆုံးကတော့ အစိုးရရဲ့ အရေးကြီး ပုဂ်္ဂိုလ်လာတိုင်း လမ်းပေါ် ထွက်ပြီး ကြိုဆိုရတဲ့ အလုပ်ဟာ ကျောင်းဆရာတွေကို စိတ်ပျက်စေခဲ့ရတဲ့ အကြောင်း တစ်ခုဖြစ်ခဲ့တယ် လို့ ဂုဏ်ထူး ဦးသိန်းနိုင်က ဆိုပါ တယ်။

အခုလို အမျိုးသား ကျောင်းဆရာတွေ နည်းပါး လာမှုကြောင့် ကျောင်းလုပ်ငန်းတွေမှာ အမျိုးသားတွေသာ လုပ်သင့်တဲ့ လုပ်ငန်းတွေကို အမျိုးသမီး ဆရာမတွေက ခက်ခဲစွာ လုပ်ကိုင် နေကြရပါတယ်။ အထူးသဖြင့် ကျောင်းသားတွေကို ထိန်းချုပ်တဲ့ နေရာမှာ အခက်အခဲ ပိုမို ကြုံတွေ့နေရ တယ်လို့ ကျောင်းဆရာမ အချို့က ပြောပါတယ်။

“ကျောင်း အိမ်သာတွေမှာ ကျောင်းသား အချို့ ဆေးလိပ်သောက်နေတာကို သိပေမယ့် အမျိုးသား အိမ်သာထဲ သွားပြီး ဖမ်းဖို့က မသင့် တော်ဘူး။ ဒါတွေကို ထိန်းချုပ်ဖို့ အမျိုးသား ဆရာတွေ မရှိမဖြစ် လိုအပ်တယ်” လို့ လှည်းကူး မြို့နယ်ရှိ အထက်တန်း ကျောင်း တစ်ကျောင်းက အထက်တန်း ပြဆရာမ ဒေါ်နွယ်နွယ်ဝင်းက ပြောပါတယ်။

ယခင်နှစ်များက ကျောင်းဆရာ တစ်ဦးရဲ့ တစ်လ ၀င်ငွေဟာ ကျပ်ငါးသောင်း ၀န်းကျင်နှင့် နှစ်တိုးနှုန်းအဖြစ် တစ်နှစ်ပြည့်သူတိုင်းကို ကျပ် ၅၀၀ သာ ပေးအပ်ခဲ့ ရာမှ ယခုနှစ် မေလမှ စတင်ကာ လစဉ် ထောက်ပံ့ကြေး ကျပ်သုံးသောင်းကို ထပ်မံ ခံစားခွင့်ပြုခဲ့ပါတယ်။ သို့သော်လည်း အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ နည်းပါးနေ၍ အခြေခံပညာ အထက်တန်း ကျောင်းတွေမှာ အမျိုးသား ကျောင်းဆရာတွေ နည်းပါး နေဦးမှာပဲလို့ ပညာရေး လေ့လာ သုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။

“ဆရာဆိုတဲ့ အလုပ်ရဲ့လစာက မိသားစု တစ်စုကို ဖူလုံအောင် မထားနိုင်ပါဘူး။ တစ်ခါတလေ ကျောင်း သင်ထောက်ကူပစ္စည်းတွေ လိုအပ် လာရင် အိတ်ထဲကတောင် စိုက်ထုတ် ရသေးတယ်။ ဒါကြောင့် အိမ်ထောင်စု တစ်ခုကို ဦးစီး ရမယ့် အမျိုးသားတွေဟာ ကျောင်းဆရာ အလုပ်ထက် အခြား လုပ်ငန်းကိုပဲ ရွေးချယ် သွားကြတယ်။ ကျောင်းဆရာ အလုပ်ကို ဘယ်သူမှ မလုပ် ချင်တော့ဘူး” လို့ ငပုတော မြို့နယ်ရှိ အလယ်တန်း ကျောင်း တစ်ကျောင်းမှ ကျောင်းဆရာ ဦးဆုမြတ်ကိုက ပြောပါတယ်။

အမျိုးသား ဆရာတွေနဲ့ အမျိုးသမီး ဆရာမတွေရဲ့ သင်ကြားမှု စွမ်းရည်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အမျိုးသား ဆရာတွေက အမျိုးသမီးတွေထက် ကျောင်းသား စိတ်ဝင်စားမှုကို ပိုမို ရရှိအောင် သင်ကြားနိုင် တယ်လို့ ပြောကြားမှု တွေလည်း ရှိပါတယ်။ ဒါ့အပြင် အမျိုးသား ကျောင်းဆရာတွေဟာ ကျောင်းစာအပြင် ကျောင်းပြင်ပ ပညာများဖြစ်တဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ ပညာတွေကိုပါ အမျိုးသမီး ကျောင်းဆရာမတွေထက် ပိုမို သင်ကြားနိုင် တာကြောင့် ကျောင်းသားတွေအတွက် ကျောင်းဆရာဟာ မရှိမဖြစ် လိုအပ်နေတယ်လို့ အမှတ် (၃) အခြေခံ ပညာရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးညွန့်ရွှေက ဆိုပါတယ်။

“ကျောင်းဆရာတွေကို ကျောင်းတွေမှာ ပြန်တွေ့ လာဖို့က သူတို့တွေရဲ့ အခွင့်အရေးတွေ မိသားစု ဘ၀ ရပ်တည်နိုင်တဲ့ လစာငွေတွေကို တိုးမြှင့် ပေးမှသာ အဆင်ပြေမယ်။ ဒါမှ မဟုတ်ရင်တော့ နောက်ပိုင်းမှာ ကျောင်းဆရာ ဆိုတာ လုံးဝ ပျောက်ကွယ် သွားလိမ့်မယ်” လို့ အ.ထ.က (၁) ဒဂုံရဲ့ကျောင်းအုပ်ကြီးက ခန့် မှန်း ပြောဆို ပါတယ်။

ပညာရေး ၀န်ကြီး ဌာနရဲ့ အစီအစဉ်အရ လာမယ့် နှစ်တွေမှာ အမျိုးသား ကျောင်းဆရာတွေကို တိုးမြှင့် ခန့်ထား နိုင်ဖို့အပြင် ကျောင်း တစ်ကျောင်းဆီမှာ အမျိုးသား အထွေထွေ လုပ်သား တစ်ဦးစီကို နေ့စား၊ လပေး စနစ်နဲ့ ခန့်ထားနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပညာရေး ၀န်ကြီးဌာနအနေနဲ့လည်း ကျောင်းဆရာ နည်းပါးမှု ပြဿနာကို ဖြေရှင်းဖို့ စီမံချက်တွေချ မှတ်ပြီး ဆောင်ရွက် နေပေမယ့် လူငယ် အများစုကတော့ ကျောင်းဆရာ ဆိုတဲ့ အလုပ်ဟာ အမျိုးသမီးတွေသာ လုပ်တဲ့ လုပ်ငန်း တစ်ခုလို့ ထင်မှတ် နေကြပါပြီ။ ပညာရေး ၀န်ကြီးဌာနရဲ့ စီမံချက်အရ ၂၀၁၆-၂၀၂၀ အတွင်း အမျိုးသား ဆရာတွေ ပြန်လည် ခန့်ထား နိုင်ဖို့ ရည်မှန်းထား ပေမယ့် လစာငွေနဲ့ အခွင့်အရေးတွေ မတိုးမြှင့်ဘူး ဆိုရင် ရည်မှန်းချက် အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ ပညာရေး အသိုင်းအ၀ိုင်းက ဝေဖန်မှုများ လည်း ရှိနေပါတယ်။ 

အခြေခံပညာ ကျောင်းတွေမှာ ကျောင်းဆရာ တွေ ပြန်လည် များပြားလာဖို့ ဆောင်ရွက်ရန် လိုအပ်နေတဲ့ အဓိက အချက်တွေကတော့ ကျောင်းဆရာတွေရဲ့ မိသားစု ဘ၀ ရပ်တည် နိုင်ဖို့၊ ကူညီ ထောက်ပံ့ မှုများ ပေးဖို့ အမျိုးသမီး ကျောင်းဆရာမ တွေထက် ပိုမို သာလွန်တဲ့ အခွင့်အရေးတွေ ဆောင်ရွက်ပေးဖို့နဲ့ ကျောင်းပြင်ပ လုပ်ငန်းတွေကို လျှော့ချ ပေးနိုင်မှသာ ဖြစ်နိုင်မယ်လို့ ပညာရေး ကျွမ်းကျင် သူတို့က ဆိုပါတယ်။

“တစ်ကျောင်းလုံးမှာ အမျိုးသား ဆရာဆိုလို့ ကျွန်တော် တစ်ယောက်တည်းပဲ ရှိတယ်။ စာသင်ရ တယ်။ ကင်းစောင့် ရတယ်။ ခုံတွေ ကျိုးရင်ပြင် ရတယ်။ ဒီပုံစံ အတိုင်း ဆက်သွားရမယ် ဆိုရင်တော့ လာမယ့်နှစ် အလုပ် ထွက်ပြီး အပြင် ကျူရှင်မှာပဲ သင်တော့မယ်””လို ပဲခူးမြို့နယ် အတွင်းက အလယ်တန်း ကျောင်း တစ်ကျောင်းရဲ့ ကျောင်းအုပ်ကြီး