Wednesday, December 25, 2013

အခြေခံပညာ ကဏ္ဍတွင် ကျောင်းသား ဦးရေအလိုက် ဆရာ၊ ဆရာမ ခန့်ထားသော စနစ်ကျင့်သုံးခဲ့ရာက ကျောင်းသားနှင့် ဆရာအချိုးမမျှဘဲ ဆရာ လိုအပ်ချက်ရှိသော မူလတန်း ကျောင်းများအတွက် ယခုနှစ်မှ စတင်ပြီး ကျောင်းတစ်ကျောင်းလျှင် ဆရာဦးရေ ငါးဦးအထိ တိုးခန့်ထားသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အခြေခံ) ဒေါက်တာ စန်းလွင်က The Voice သို့ ပြောကြားသည်။

မူလတန်း အဆင့်ရှိ တန်းခွဲအလိုက် ဆရာခန့်ထားသော စနစ်ကို ပြောင်းလဲ ခဲ့သောကြောင့် ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမ ငါးဦး ခန့်ထားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“ဆရာငါးယောက်ရှိတဲ့ ကျောင်းတွေလည်း ရှိမယ်၊ မရှိတဲ့ ကျောင်းတွေလည်း ကျန်သေးတယ်။ ဒါတွေ မပြည့်ပြည့်အောင် ဖြည့်သွားမယ်” ဟု ဒုတိယဝန်ကြီး ဒေါက်တာ စန်းလွင်က ပြောဆိုသည်။

ယခုနှစ် သြဂုတ်လခန့်တွင် ပညာရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း သက်ဆိုင်ရာ မြို့နယ်အလိုက် ဒေသခံ နေ့စားလပေး မူလတန်းပြ ဆရာ၊ ဆရာမ ၂၉,၅၃၅ ဦးကို ပထမဆုံးအကြိမ် ခန့်ထားခဲ့ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
“နောက်နှစ်တွေမှာလည်း ဒီလိုထပ် တိုးခန့်သွားဖို့ ရှိတယ်” ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (အခြေခံ) ဒေါက်တာ စန်းလွင်က The Voice သို့ ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် ဆရာ၊ ဆရာမများ၏ လူမှုစီးပွားရေးကို ပံ့ပိုးပေးရန် ပညာရေး စနစ်ပြောင်းလဲရေးတွင် ဆရာ၊ ဆရာမ များ၏ကဏ္ဍမှာ အထူးအရေးပါသော နေရာတွင် ရှိကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အကြံပြု ပြောကြားသွားသည်။

ပညာရေး ဝန်ကြီးဌာနသည် ယခင်က ကျောင်းသား ၅၀ ရှိသော စာသင်ကျောင်း တစ်ကျောင်းတွင် ကျောင်းအုပ် တစ်ဦးနှင့် ဆရာတစ်ဦး၊ ကျောင်းသား ၈၀ ရှိသော ကျောင်းတွင် ကျောင်းအုပ် တစ်ဦးနှင့် ဆရာနှစ်ဦး သတ်မှတ်ထားကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယင်းကြောင့် ကျောင်းသားနှင့် ဆရာအချိုးသည် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် မူလတန်း အဆင့်၌ ၁း၂၉ ၊ အလယ်တန်း အဆင့်၌ ၁း၃၅ နှင့် အထက်တန်း အဆင့်၌ ၁း၂၄ တို့ ရှိခဲ့ကြောင်း၊ ယင်း ကိန်းဂဏန်းသည် ခန့်ထားသော ဆရာ၊ ဆရာမ ဦးရေနှင့် ကျောင်းသား၊ ကျောင်းသူ များကို တွက်ချက်ထားခြင်း ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပညာရေး မူဝါဒသစ်တွေကို ဆရာများ သမဂ္ဂက လက်မခံနိုင်

ပညာရေး မူဝါဒသစ်တွေကို ဆရာများ သမဂ္ဂက လက်မခံနိုင်

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ရာထူးပြောင်းရွှေ့နှင့် ရာထူးတိုး စာရင်းများကို မြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သောစနစ်မှာ အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ထုတ်ပြန်သော စာရင်းတွင် မပါဝင်သော သူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများထံ တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။

မူလတန်းကျောင်းအုပ်၊ အထက်တန်း၊ အလယ်တန်းနှင့် အလယ်တန်းပြမှ မူလတန်းကျောင်းအုပ် ရာထူးပြောင်းတို့အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အတွင်း မြို့နယ် ပညာရေးမှူးရုံးသို့ လျှောက်ထား ရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးရုံးများ၏ တင်ပြချက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က သဘောထား မှတ်ချက်များ ပေးနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စနစ်သစ်သည် ယခင်နှစ်များထက် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး လျှောက်ထားသူများ၏ လိုအပ်ချက် သတ်မှတ်ချက် များကိုလည်း စနစ်ကျစွာ ထုတ်ပြန်ထားကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။

အစိုးရသစ်လက်ထက် အခြေခံပညာ ကဏ္ဍတွင် မူလတန်းပြဆရာ၊ ဆရာမများ ခန့်ထားရေး၊ မသင်မနေရ မူလတန်း ပညာရေး အကောင်အထည် ဖော်ခြင်းနှင့် ကျောင်းပြင်ပ ပညာရေးတို့ ဆောင်ရွက်ခဲ့သည့်အပြင် ပညာရေး အသုံးစရိတ်များပါ တိုးမြှင့် ပေးထားသော်လည်း လက်တွေ့ ထိရောက်မှု အပိုင်းတွင် အားနည်းနေသေးကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။