ဘာတွေကို ပြု၊ ဘာတွေကို ပြင်၊ ဘာတွေကို ပြောင်းကြမှာလဲ
Details
Category: ဆောင်းပါး
Published on Wednesday, 07 November 2012 06:15
Written by မောင်ခေတ်
ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ (စနေနေ့) က မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မတက္ကသိုလ် (MIT) အင်းစိန်၊ ရန်ကုန် မှာကျင်းပတဲ့ “မြန်မာနိုင်ငံပညာရေး ပြုပြင် ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲ” ကိုရောက်ခဲ့ ပါတယ်။ နေရာက ကျွန်တော်တို့ သွားလာ နေကျနေရာ မဟုတ်တဲ့အတွက် ရှာရင်း ဖွေရင်းနဲ့ အခမ်းအနား စတင်ချိန်မှ ရောက်သွားမိတယ်။
ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ခရစ်ယန်ကျောင်းဝင်းထဲမှာ ဘာကြောင့် ကျင်းပရတာလဲဆိုတာကို ပထမဦးဆုံး ဘဝင်မကျဖြစ်မိတယ်။ ပညာရေးအကြောင်း၊ တက္ကသိုလ်ထဲမှာ ဆွေးနွေးကြတာမကောင်း ဘူးလား။ တက္ကသိုလ်ဆိုတာက ရန်ကုန် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်လို နေရာမျိုးတွေကို ပြောတာပါ။ ပညာအကြောင်း၊ ပညာရပ် ကွက်မှာ ဆွေးနွေးတာကောင်းတာပေါ့။ ခုတော့ ပညာအကြောင်း ဓမ္မအရိပ်မှာ လာဆွေးနွေးနေရတယ် ဆိုတာကိုက တစ်ခုခုမှားနေသလို ခံစားရတယ်။
ပိုပြီးခံစားရတာက မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေပါ ခရစ်ယန် ဝတ်ပြုဆုတောင်းတဲ့ ခန်းမထဲမှာ ကျုံ့ကျုံ့လေးတွေ ထိုင်နေကြရတာကို ကြည့်ပြီး ပိုစိတ်မကောင်းဖြစ်မိတယ်။ တက်ရောက် လာကြတဲ့ ဆရာတော်တွေ၊ သီလရှင်တွေ ဟာ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုလို့ စိတ်ဝင်စားမှုများစွာနဲ့ တက်ရောက်လာကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာ ဗုဒ္ဓဘာသာဝင်တွေအတွက် အလေး အမြတ်ထားတဲ့ သံဃာတော်တွေဟာ၊ ခရစ်ယန်သာသနာဝင်းထဲရောက်နေရတာကိုလည်း စိတ်မသက် မသာဖြစ်ရပါတယ်။
ဖွင့်ပွဲကို ဘုရားရှိခိုးကျောင်းထဲက ဝတ်ပြုဆုတောင်းတဲ့ ခမ်းမထဲမှာ ကျင်းပပါ တယ်။ NLD က ဦးတင်ဦးနဲ့ ၈၈ က မင်းကိုနိုင်တို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြတယ်။ ပညာရေးမှာ ပညာရှင်ကြီးတွေ တက်ရောက်အသိအမှတ်ပြု ဖွင့်လှစ်ပေးတာမျိုးမဟုတ်ဘဲ၊ ပါတီကိုယ်စားပြု၊ နိုင်ငံရေးကိုယ်စားပြုသူတွေ တက်ရောက် ဖွင့်လှစ်ပေးမှ အထမြောက်တဲ့ခေတ်၊ ပါတီ နိုင်ငံရေးခေတ်ရောက်ပြီလားဆိုတာလည်း ပြန်လည်စဉ်းစား သုံးသပ်ရပါလိမ့်မယ်။
ဖွင့်ပွဲပြီးတော့ ပညာရေးဆိုင်ရာဆွေး နွေးပွဲကို အုပ်စုတွေဖွဲ့ပြီး သူ့အခန်းနဲ့သူ၊ သူ့ နေရာနဲ့သူ သီးခြားစီ ဆွေးနွေးကြတယ်။ ဒီ ဆွေးနွေးပွဲက ၂ ရက်ကျင်းပမယ့်ဆွေးနွေးပွဲ ပါ။ ပထမရက် (အောက်တိုဘာ ၆ ရက်နေ့) မှာ ပညာရေးလွတ်လပ်ခွင့်နှင့် စီမံခန့်ခွဲမှု၊ အခြေခံပညာ ပြုပြင်ပြောင်းလဲရေး၊ တက္ကသိုလ်ပညာ ပြုပြင် ပြောင်းလဲရေး၊ အသက်မွေးဝမ်းကြောင်း ပညာရေး၊ ကျောင်းပြင်ပ ပညာရေး၊ ဘုန်းတော်ကြီးသင်ပညာရေးတွေ ကို အုပ်စုလိုက် အဖွဲ့တွေခွဲပြီး ဆွေးနွေးပါတယ်။
ဒုတိယနေ့ (အောက်တိုဘာ ၇ ရက်နေ့) မှာတော့ ဘာသာရေးအဖွဲ့အစည်း များ၏ ပညာရေးလုပ်ငန်းများ၊ တိုင်းရင်းသားဘာသာစကားနှင့် ပညာရေး၊ ပညာဒါနကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ အကြောင်းတွေကို စုပေါင်းဆွေးနွေးကြမယ်လို့သိရတယ်။ အားလုံးပြီးတော့မှ နှစ်ရပ် ပေါင်းဆွေးနွေးပွဲရလဒ်တွေကို စုဆောင်း တင်ပြခြင်း၊ သတင်းစာရှင်းလင်းပွဲလုပ်ခြင်း တို့ကို ပြုလုပ်မယ်ဆိုတဲ့အကြောင်း လက်ကမ်း စာစောင်မှာ တွေ့လိုက်ရပါတယ်။
အခြေခံ ကစပြီး ပြုပြင်ပြောင်းလဲတာကို စိတ်ဝင်စားတဲ့အတွက် အခြေခံပညာပြုပြင် ပြောင်းလဲ ရေးအဖွဲ့က ဒေါက်တာသိန်းလွင် ဦးဆောင်တဲ့ အုပ်စုနောက်ကို လိုက်သွားမိပါ တယ်။ စုစုပေါင်း အခြေခံကို စိတ်ဝင်စားသူ ၃၀ လောက်စုဝေးမိပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေက ကောင်းပေမယ့် အုပ်စုအဖွဲ့တွေနောက်ကို တစ်ကိုယ်တည်း ကိုယ်မခွဲနိုင်လို့ အားမလိုအားမရဖြစ်ခဲ့ပါ တယ်။ ဒါကြောင့် ကိုယ်ရောက်တဲ့ အုပ်စု အဖွဲ့လေးအတွင်းမှာ ပြောဆိုဆွေးနွေးတာ တွေကိုပဲ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ရာထူးခန့်ထားရေးတွေမှာ ပညာရေးအကြောင်း နားလည်တဲ့သူတွေ ပညာရေးလောကထဲရောက်လာဖို့ အရေးကြီးတယ်။ ပညာ ရေးသမားမဟုတ်သူတွေ ပညာရေးလောကထဲ ဝင်ရောက်အုပ်ချုပ်စရာ အကြောင်းမရှိပါဘူး။ အတွေ့အကြုံနဲ့ အရည်အချင်းရှိသူ တွေကို နေရာပေးဖို့လိုတယ်။
မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှုကို အဓိကလုပ်ရမယ့်သူတွေက ဆရာ ဆရာမ တွေပါ။ အဲဒီလို လုပ်ဆောင်မယ့်သူတွေက အရည်အချင်းပြည့်ဝဖို့လိုပါတယ်။ သင် တန်းတွေမရှိသင့်ဘူးလား။ ဘယ်လိုလူတွေ ကို သင်တန်းတွေပေးမှာလဲ။ ဘယ်လိုလူတွေက သင်တန်းတွေ ပို့ချမှာလဲ။ ဘယ်လိုလူတွေ တက်ရောက် ခွင့်ရှိမှာလဲ။ ကလေးတွေ တကယ်တတ်စေချင်ရင် ဆရာတွေက လုပ်ဆောင်ပေးရမှာဖြစ်လို့ အရေးကြီးပါ တယ်။
အခြေခံဥပဒေမှာ မူလတန်းပညာကို မသင် မနေရလို့ ပြဋ္ဌာန်းထားတယ်။ ခုထိ အောင် မြင်မှုမရသေးဘူး။ ကျွန်တော့်အမြင်ကတော့ မူလတန်းလောက်နဲ့ မလုံလောက်ပါဘူး။ ကလေးအရွယ်ရောက်တဲ့အထိ မသင်မနေရ ပညာရေးစနစ်ကို သတ်မှတ်သင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေမှာပါ ပြင်ဖို့လိုပါတယ်။ မူလတန်းအောင်ရင် ကလေးတစ်ယောက်ဟာ ဘာမှလုပ်နိုင်ကိုင် နိုင်တဲ့ အရွယ်မရောက်သေးလို့ပါ။ ကျွန်တော့် အမြင်ကတော့ ကလေး အသက် ၁၈ နှစ်အရွယ်ရောက်တဲ့အထိ မသင်မနေရ ပညာရေးကို ပြဋ္ဌာန်းပေးသင့် တယ်လို့ထင်ပါတယ်။
သင်ရိုးညွှန်းတမ်းဆိုတာ သူ့ဒေသနဲ့ လိုက်ဖက်တဲ့ သင်ရိုးညွှန်းတမ်းမျိုးဖြစ်သင့်တယ်။ ဒါမှလည်း ဒေသ ဖွံ့ဖြိုးမှုတွေဖြစ်မှာပေါ့။ ဒါကြောင့် သင်ရိုးဆွဲရင် ဒီအချက်ကို ထည့်သွင်းစဉ်းစားဖို့လိုတယ်။ ငပုတောက ကလေးတွေဟာ ငါးဖမ်းခြင်းနဲ့ ပတ်သက်တဲ့နည်းပညာတွေကို မိဘအစဉ်အဆက် ကျွမ်းကျင်တတ်မြောက် ခဲ့ကြပါတယ်။ သူတို့ အတွက် ကျောင်းသင်ပညာမှာ နည်းနည်း ထည့်သွင်းသင်ရင် ဒေသပိုပြီး ဖွံ့ဖြိုးလာ မယ်။ National Level နဲ့ကျတော့၊ လိုအပ်တဲ့ ပေါ်လစီအရဆိုရင် သိပ်များသွားလိမ့်မယ်။ သူတို့ ကျတော့ ချင်းပြည်နယ်က ပန်းသီးနဲ့ လဖက်အကြောင်းဆိုရင် ကျက်ပြီးတော့ဖြေရတာမျိုးဖြစ်သွား တာပေါ့။ ဒါကြောင့် သင်ရိုးဆွဲရင် ဒေသဖွံ့ဖြိုးရေးအတွက်ပါ ထည့်သွင်းရေးဆွဲနိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်။
ကျွန်တော်တို့မှာ နိုင်ငံတကာအဆင့်မီ ပညာရေးဆိုင်ရာ မူဝါဒတွေ ချမှတ်လုပ် ဆောင်နေတာတွေရှိပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းမှာ ကလေးဟာ သူကြိုက်တဲ့ ဘာသာကို ရွေးချယ်ခွင့်ပေးထားပါတယ်။ သို့သော်မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ကိုတော့ မယူမနေရသတ်မှတ်ထားတယ်။ ကျန်တဲ့ဘာသာတွေကို ကြိုက်တာရွေးချယ် ခွင့်ရှိပါတယ်။ အဲဒီလိုရွေးနိုင်ဖို့ ဆရာ ဆရာမတွေက သက်ဆိုင်ရာ ဘာသာရပ်တွေ ရဲ့ အနှစ်သာရကို လမ်းညွှန်ပြောပြနိုင်စွမ်း ရှိရပါလိမ့်မယ်။ ဘယ်ဘာသာရပ်ဟာ ဘယ်လောက် အသုံးဝင်တယ် ဆိုတာ ပြောနိုင်ရမယ်။ ဒါတွေဟာ ကျွန်တော်တို့ပညာရေးဌာနမှာ ဆောင်ရွက်နေတာတွေပါ။ ဒီလိုစီမံ ဆောင်ရွက်ထားပေမယ့် မြန်မာနိုင်ငံမှာ မြန်မာလူမျိုးဖြစ်ပြီး မြန်မာစာကို ကောင်းကောင်းလမ်းညွှန် သင်ကြားပြသပေးနိုင်တဲ့ ဆရာ ဆရာမတွေ မရှိပါဘူး။ မြန်မာစာကို သင်ချင်တဲ့ကျောင်းသားမရှိပါဘူး။ အင်မတန် ရင်နာစရာကောင်းပါတယ်။
ဒီနေ့ပညာရေးလောက ဆုတ်ယုတ်ကျဆင်း နေတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဘွဲ့ရပြီး ဘာမှ မတတ်ဘူးဆိုတာမျိုးတွေနဲ့ ရင် ဆိုင်နေရတယ်။ သီအိုရီအရ ဘယ်လိုတွေ လုပ်လိုက်မယ်ဆိုတာထက် လက်တွေ့ကျကျ ပညာရေးစနစ်ရဲ့ ပျက်စီးယိုယွင်းမှုကို အဖြေရှာသင့်တယ်ထင်ပါတယ်။ ပညာရေးမှာ အရိုးစွဲနေတဲ့ မကောင်းတဲ့အကျင့်တွေကို ဘယ်လိုပြုပြင်ပြောင်းလဲမယ်ဆိုတာ အဖြေ ရှာသင့်ပြီ ထင်ပါတယ်။ ပျက်စီးနေမှုတွေကို လက်တွေ့ကျကျလေ့လာသုံးသပ်ပြတဲ့ research paper တွေရှိဖို့လိုပြီထင်ပါတယ်။
သင်ရိုးညွှန်းတမ်းရေးဆွဲရာမှာ ပြည်မတစ်ခုတည်းအတွက်သာမက နယ်စပ်ဒေသတွေ၊ စစ်ဖြစ်နေတဲ့ ဒေသတွေက ကလေးတွေ အတွက်ပါ ထည့်သွင်းစဉ်းစားပေးသင့်တယ် လို့ထင်ပါတယ်။ နယ်စပ်တွေမှာ မြန်မာစာ၊ မြန်မာ့သမိုင်းကို သင်လို့မရတဲ့ ပြဿနာလေးတွေရှိနေတယ်။ သူတို့ဆီမှာ မြန်မာပြည်ကထုတ်တဲ့ ကျောင်းသုံးစာအုပ်ကို သွားသင်လို့ မရတာတွေရှိနေတယ်။ အဲဒါ တွေသွားသင်ရင် သွားသင်တဲ့ဆရာ ကျည်ဆံကြောက်ရတယ်။ သင်ရိုးညွှန်းတမ်းတစ်ခုကို ရေးဆွဲရာမှာ multi-culture ဖြစ်တာမျိုး၊ တိုင်းရင်းသားအများစု လက်ခံနိုင် တာမျိုးတွေကို ထည့်သွင်းစဉ်းစား သင့်တယ်လို့ ထင်ပါတယ်။
နိုင်ငံတော်က အားလုံးအတွက် ပညာရေးကို ပြောနေပါတယ်။ မသန်စွမ်းသူတွေကို ကျောင်းဝင်ခွင့် အမှန်တကယ်ရရှိရေးကို အာမခံချက်ပေးနိုင်တဲ့ ပညာရေးစနစ်မျိုး လိုပါတယ်။ စာသင်ကျောင်းအဆောက်အအုံ ဒီဇိုင်းတွေကို မသန်စွမ်းသူတွေအတွက်ပါ အဆင်ပြေအောင် ပြုပြင်တည်ဆောက်ပေး သင့်ပါတယ်။ ဆရာ ဆရာမတွေကိုယ်တိုင်က မသန်စွမ်းသူတွေအပေါ်မှာထားတဲ့ negative attitude တွေကို ပြုပြင်ပြောင်းလဲ ဖို့လိုမယ်ထင်ပါတယ်။
နယ်မှာရှိတဲ့ ကလေးတွေနဲ့ ရန်ကုန်မှာရှိတဲ့ ကလေးတွေ ပညာရေးဆိုင်ရာ အခွင့်အရေးရမှု တန်းတူညီမျှ ဖြစ်သင့်ပါတယ်။ နယ်တွေမှာ ပညာသွားသင်ပေးတဲ့ဆရာ ဆရာမတွေ ကိုတော့ ခံစားခွင့်တွေ ပိုပေးသင့် ပါတယ်။ မူလတန်းအောင်၊ အလယ်တန်းအောင်၊ အထက်တန်းအောင်ကလေးတွေအတွက် ဘ၀ အာမခံချက် ပေးနိုင်တဲ့ ပညာရေးမျိုး ဖြစ်အောင် တိုက်တွန်းပါတယ်။
ဆရာဆရာမတွေ သင်ကြားရေးမှာ စိတ်ဝင်စားလာအောင်၊ ကျရာဒေသတွေကို သွား ချင်လာအောင် အဓိကကျတာ လစာလို့ပဲ ထင်ပါတယ်။ အပြင်မှာ ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းနဲ့ လိုက်လျောညီထွေမှုရှိတဲ့ လစာကို ပေးနိုင်ရင် ကျူရှင်သင်လို့ ပြဿ နာတက်နေတာမျိုးတွေ၊ နယ်မသွားချင်တာတွေ၊ စေတနာ နည်းတာတွေ မဖြစ်တော့ဘူး ထင်ပါတယ်။ အခြေခံလစာတွေကို ပြင်ပေး စေချင်ပါတယ်။ တက္ကသိုလ်မှာ အမှတ်နဲ့ ခွဲခြားတာမျိုး၊ ကျားမအမှတ်ခွဲခြားတာမျိုး တွေကို မဖြစ်သင့်တော့ဘူးထင်ပါတယ်။
ဆရာ ဆရာမတွေကို မွေးထုတ်ပေးနေတဲ့ ပညာရေးကောလိပ်လိုနေရာတွေမှာ ပြုပြင် သင့်ပါတယ်။ ပညာရေးကောလိပ်ဝင်ခွင့် အတွက် အနည်းဆုံး အမှတ်တွေသတ်မှတ် ခေါ်တာမျိုးတွေကို ကျွန်တော်တို့ ပြင်စေချင်ပါတယ်။ တကယ်အရည်အချင်းရှိသူတွေ အမှတ်ကြောင့် ဆရာဖြစ်ခွင့်မရတာ၊ သင်တန်းလာတက်ခွင့် မရတာမျိုးတွေ မဖြစ်သင့်ပါဘူး။ အရည်အချင်းမရှိသူတွေ ပါလာတာမျိုးတွေကို ပြန်လည်စိစစ် ပြုပြင်သင့်ပြီလို့ ထင်ပါတယ်။ ဆရာ ဆရာမစိတ်ဓာတ်မရှိ သူမျိုးတွေ ပညာရေးလောကထဲ ရောက်မလာအောင် စိစစ်သင့်ပြီလို့ ထင်ပါတယ်။
မီဒီယာကတစ်ဆင့် ပညာရေးမှာ မိဘတွေ ပူးပေါင်းပါဝင်လာအောင် လုပ်သင့်ပြီထင်ပါတယ်။ နည်းပညာ တိုးတက်တဲ့ခေတ်ဖြစ် လာတာကြောင့် နည်းပညာရဲ့ အထောက်အကူကိုယူပြီး လေ့ကျင့်သင်ကြားပေးတဲ့ ပညာရေး မျိုးဖြစ်သင့်တယ်ထင်ပါတယ်။ သူများနိုင်ငံတွေမှာလို ကလေးတစ်ယောက် laptop တစ်လုံးပေး သင်တာမျိုးမဟုတ်တောင် အွန်လိုင်းကိုအခြေပြုတဲ့ ပညာသင် ကြားရေးမျိုးဖြစ်သင့်ပါတယ်။ နည်းပညာကို အသုံးပြုပြီးတော့ ကလေးတွေရဲ့ ပညာရေးကို ပံ့ပိုးစေချင်ပါတယ်။
အားလုံးစိတ်ပါဝင်စားစွာ ထဆွေးနွေး ကြတာ အားရဝမ်းမြောက်စရာ ကောင်းပါတယ်။ ပညာရေး အကြောင်းပြောရမယ်ဆိုရင် ကောင်းတာပြောပြော၊ မကောင်းတာ ပြောပြော ပြောစရာတွေအများကြီးပါ။ ဒီပွဲကိုတက်ရောက်လာသူတွေ အများစုက လည်း ပညာရေးနယ်ပယ်ကသူတွေဖြစ်လို့ ပညာရေးအကြောင်း ပြောဟေ့ဆိုရင် ဘရိတ်အုတ်ခိုင်းဖို့ ခက်ပါလိမ့်မယ်။ ဒါပေ မယ့် တစ်ဦးကို ဆွေးနွေးချိန် ၅ မိနစ်လို့ ကန့်သတ် လိုက်တာကတော့ တာထွက်ကောင်းတဲ့မြင်းကို ဆောင့်ဆွဲလိုက်သလို ခံစားနေကြရမှာ သေချာပါတယ်။
ပြုပြင်ပြောင်းလဲရေးဆိုတာ ပါးစပ်က အော်နေလို့ မရပါဘူး။ ဘယ်အပိုင်းကို ပြု ပြင်ပြောင်းလဲမှာလဲ၊ ဘယ်သူတွေနဲ့ ပြုပြင် ပြောင်းလဲမှာလဲ။ ဘယ်လောက်အတိုင်း အတာအထိ ပြုပြင်ပြောင်းလဲမှာလဲဆိုတာ တွေပါထည့်သွင်းစဉ်းစားရပါလိမ့်မယ်။
အထက်ပိုင်းက ပေါ်လစီရေးဆွဲသူတွေက ပြုပြင်ပြောင်းလဲစရာမလိုဘူး ပြောနေရင်၊ ပြုပြင်ပြောင်းလဲလို့ ရတဲ့သူတွေက ပြုပြင်ပြောင်းလဲလို့ ရနိုင်တဲ့ အတိုင်းအတာနဲ့ တိုက်ရပါလိမ့်မယ်။ ဥပမာ ပုလင်းတစ်လုံးရဲ့ ထိပ်ပိုင်းက တစ်ဆို့နေရင် အောက်ခြေကလှုပ်ပြီး ဆူထွက်လာအောင် လုပ်ရပါလိမ့်မယ်။ အထက်ကို ပြင်လို့မရရင် အောင်ခြေ ကို ပြင်မယ်။ ဘယ်သူတွေနဲ့ ပြင်မလဲဆိုတာ ကတော့ ပြင်လို့ရတဲ့သူတွေနဲ့ ပြင်ကြမယ်။ ပြင်ချင်တဲ့သူတွေ လက်တွဲမယ်။ ပြင်လို့ရတဲ့ အပိုင်းကစပြင်မယ်။ ပြိုင်တူတွန်းရင် ရွေ့မှန်းသိပါလျက်နဲ့ မတွန်းဘဲ ကျောပေးပြီး ကော့ခံနေရင် လူထုအားနဲ့ စောင့်တွန်းမယ်။ လူထုအား အများကြီးလိုမယ်ထင်ပါတယ်။
1 Comments.
maung Said... 20
No comments:
Post a Comment