Friday, September 27, 2013

2010 အရိပ်အငွေ့(အိုင်သပြု)

                                                           အိုင်သပြု     ဘယ်တော့မှမရှုံးပါ

မြင်ကွင်း(၁)
င၀န်မြစ်ဆိပ်တစ်နေရာမှာ စက် လှေကလေးတစ်စင်းထိုးကပ်လာသည်။ လှေပေါ်မှ အ၀တ်အစား ခပ်နွမ်းနွမ်းနှင့် ယောင်္ကျား၊ မိန်းမများ ဆင်းလာကြသည်။ ထိုအထဲတွင် အသက် ၇၀ ခန့် အဘွားအိုတစ်ဦး လည်းပါသည်။ အဘွားအိုကမ်းပေါ်ရောက်တော့ အကြောင်းသိဖြစ်ဟန်တူသူ တစ်ဦးက ထိုအဘွားအို၏ခါးကို နောက်မှ ရုတ်တရက်လှမ်းတို့ကာ ““အဘွား ဘယ်သွားမလို့လဲ”” ဟုအော်မေး လိုက်သည်။ အဘွားအိုက လန့်ဖြန့်ကာ ယောင်ရမ်းပြီး ““ဒေါက်တာစိုးလွင်ဆီ သွားမှာ၊ဒေါက်တာ စိုးလွင်ဟောပြောပွဲကိုသွားမှာ”” ဟု ဆိုကာ တောင်ဝှေးလေးတမြှောက် မြှောက်ဖြင့်ကမ်းစပ်မှာ ကွေးနေအောင်ကပါတော့သည်။ ခါးတို့၍ မေးသူက မေးလိုက်၊ အဘွားအို က ဒေါက်တာစိုးလွင်ကို သီချင်းလုပ် ၍ကခုန်လိုက်ဖြင့် မြစ်ဆိပ်ကလေး ၏နံနက်ခင်းသည် ရယ်မောသံ တညံညံဖြစ်နေသည်။အချိန်က နိုဝင်ဘာ ၄ ရက် မနက် ခုနှစ်နာရီခွဲခန့်၊ နေရာက ဧရာဝတီတိုင်းဒေသကြီး လေး မျက်နှာမြို့နယ်ရှိ အိုင်သပြုကျေး ရွာတွင်ဖြစ်သည်။စက်လှေဖြင့် လာကြသူများ၊ ထော်လာဂျီ၊ ဆိုင်ကယ်တို့ဖြင့် လာကြသူများ၊ ခြေလျင်လမ်းလျှောက်လာ ကြ သူများ၏ ဦးတည်ရာကား အိုင်သပြုရွာလယ်ရှိ တစ်သီးပုဂ္ဂလအမတ် လောင်းနှစ်ဦး၏ ရုံးခန်း တည်ရှိရာ ရန်ကြီးအောင်ဆန်စက်ဆီသို့ ဖြစ်လေသည်။

မြင်ကွင်း (၂)
အိုးစည်ပေါ်တီးခတ်နေသော လက်များက မာန်ပါလှသည်။ ၀ါး လက်ခုပ်တီးသံ တဖြောင်း ဖြောင်း၊ လင်းကွင်းရိုက်သံ တစ် ချမ်းချမ်း၊ ပုလွေမှုတ်သံ တစ်တီတီ ကြားမှာ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦး ကွေးနေအောင် ကနေသည်။ အိုးစည်ဝိုင်းခေါင်း ဆောင်ထံမှ အသံဝါကြီးဖြင့် အော်ဆိုလိုက်သော သီချင်းသံ တစ်ပိုင်းတစ်စက အိုင်သပြုရွာ လယ်တစ်ဝန်း ဖုံးလွှမ်းသွားသည်။““ပြည်သူတွေက ဒီအချိန်မှာ ပါဝင်လက်တွဲပါ…မဲရုံကိုသွားလို့ မဲပေးပါ”” နံနက် ခုနှစ်နာရီခန့်မှာ ရာဂဏန်းရှိသော လူအုပ်က နောက်တစ်နာရီကျော် အကြာ ရှစ် နာရီခွဲခန့်မှာတော့ ထောင်ဂဏန်း ရှိသော လူထုအဖြစ်ပြောင်းလဲ လာနေသည်။ ရန်ကြီးအောင် ဟု ဆိုင်းဘုတ်ချိတ်ထားသော ဆန် စက်ခန်းမအတွင်းမှာတော့ အ ရွယ်စုံ ကျား၊ မ ပရိသတ်များက နေရာ အပြည့်ယူထားကြပြီ ဖြစ်သော်လည်း အပြင်ဘက်တွင် လူများတဖွဲဖွဲရောက်လာနေဆဲ ဖြစ်လေသည်။လူအုပ်ကြားထဲတွင်တော့ အိုးစည်ဝိုင်း ၂၃ ၀ိုင်းက သူ့နေရာ နှင့် သူ့ရွာသားနှင့်သူ မမောမပန်း နိုင်အပြိုင်ကျဲနေကြသည်။
ဆန်စက်အ၀င်အ၀တွင် တစ်သီးပုဂ္ဂလအမတ်လောင်း ဒေါက်တာစိုးလွင်နှင့် ဦးဇော်မင်း သိန်း (ခ) ဦး ဇော်ဝင်း တို့၏ ကိုယ်စားပြု တံ ဆိပ်များဖြစ်သော ချိုးဖြူ နှင့် ဟ င်္သာ ငှက်တို့အား ကြွားဝင့်လျက်ရှိသည်။ ဤမြင်ကွင်းများက ၂၀၁၀ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ (နိုဝင်ဘာ ၇ ရက်) နေ့မ တိုင်မီ နိုဝင်ဘာ ၄ ရက်က ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာတွင် ပြုလုပ်သော မဲရုံကိုယ်စားလှယ်များ တာဝန်ပေးအပ်ပွဲနှင့် ပြည်သူ့ တွေ့ဆုံပွဲမြင်ကွင်းပင် ဖြစ်သည်။ ခန့်မှန်းခြေ ၂၅၀၀ ၀န်းကျင် ရှိသော တောင်သူလယ်သမား ရွာသူရွာသားများမှာ ပြည်သူ့လွှတ်တော် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာစိုးလွင် နှင့် တိုင်းဒေသကြီး လွှတ်တော် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လောင်း ဦးဇော်မင်းသိန်း တို့အား ဒေသချစ်စိတ်ဖြင့် လာရောက် အားပေးကြခြင်းဖြစ်သည်။
““အတင်းအကျပ်ခေါ်တာ မဟုတ်ဘူး။ မလာမနေရလည်း မဟုတ်ဘူး။ ဒီနေ့သူတို့ ဟောပြော ပွဲလုပ်မယ်ဆိုတာကြားလို့ လာ တာ။ ကျွန်တော်ကတော့ သူတို့ ကိုကြိုက်တယ်”” ဟု ပရိသတ် ထဲမှ အသက် ၄၀ ကျော် အမျိုးသား တစ်ဦးကပြောသည်။
နံနက် ကိုးနာရီခန့်တွင် ဟောပြောပွဲကို စတင်လိုက်သည်။ အသံချဲ့စက် ဘောက်စ် ကြီးများမှ တက်ရောက်လာကြသူများအား နိုင်ငံတော်သီချင်းဆိုရန် ဆော်သြလိုက်သော အချိန်မှာ ခန်းမ အတွင်းသာမက နေရာမရ၍အပြင်ဘက် မဏ္ဍပ်များထဲတွင်၊ လမ်းပေါ်တွင် သစ်ပင်ရိပ်များ အောက်တွင် ရှိနေကြသော ၂၅၀၀ကျော် ဒေသခံများ မတ် တပ်ထရပ်လိုက်ကြပြီး ““ကမ္ဘာမကြေ မြန်မာပြည်………”” အစချီကာညီ ညာစွာ သီဆိုလိုက်ကြသံ ဟိန်းညံ သွားလေသည်။ထို့နောက် ဒေါက်တာစိုးလွင် ကိုဇော်မင်းသိန်းနှင့် သူတို့၏ ကိုယ်စားလှယ်နှစ်ဦးက လူထုကို အားမာန် အပြည့်ဖြင့် ဟောပြော ကြသည်။
““ခင်ဗျားတို့ ပါလာမယ်ဆို တာ ယုံကြည်လို့ ကျွန်တော်တို့လုပ်တာ၊ခင်ဗျားတို့ ဘာမှ ကြောက်စ ရာမလိုပါဘူး”” ဟု အမတ်လောင်း တစ်ဦးက စတင်လိုက်သောအခါ ““ဟေး”” ခနဲ အားပေး လိုက်ကြသည်။
““ကိုယ့်မြို့နယ်က ခေါင်း ဆောင်ကို အရက်သမား၊ ဖဲသမား ကိုရွေးချယ်စရာမလိုပါဘူး”” ဟုပြော သော အခါတွင်လည်း ကျေနပ်စွာ လက်ခုပ်တီးကြပြန်သည်။ ဟောပြောသူက ပြော၍ အားပေးသူ များကလည်း လက် သီးလက်မောင်းတန်း၍ လက်ခုပ် တီးကြသည်၊ ပြည်သူများ၏မျက် နှာတွင် အားရဟန် အလိုပြည့်ဟန်များ ပေါ်နေသလို နောက်လာမည့် အနာဂတ်အတွက် သူတို့ လိုချင် သည့် ကိုယ်ပိုင် ကိုယ်စားလှယ် များကို ရရှိထားပြီ ဟူသော မျှော်လင့်ချက်တွေ အရောင် လက် နေကြသည်။
““မှန်လိုက်တာကွာ””
““ကောင်းတယ်””
““ ဒီလိုပြောပစ် ရမှာ””
““ဒါမှ ဒီမိုကရေစီ””    စသော အသံများ လူထုပရိသတ်များ၏ ပွင့်အန်ကျလာသော ကျေနပ်မှု များဖြစ်သည်။ဆက်လက်၍ ရန်ကုန်မြို့ပေါ်မှ တကူးတက လာရောက်ကြသော မြောက် ဥက္ကလာပ မြို့နယ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဘတင့်ဆွေ နှင့် ပုဇွန်တောင်မြို့ နယ် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း ဦးရန်ကျော် တို့က ဟောပြောကြရာတွင်လည်း လက် ခုပ်သံမစဲ။
““ခြင်္သေ့ကြီးကို အပြတ်နှံရ မယ်””
““ဟင်္သာဘေးမှာ အမှန်ခြစ်၊ ချိုးဖြူဘေးမှာ အမှန်ခြစ် ပြည်သူ့ အောင်ပွဲဖြစ်””
စသောကြွေးကြော် သံများကိုလည်း ဆူညံစွာအော် ဟစ်ကြသည်။““ဒီလောက်လူများတဲ့ မဲဆွယ် ဟောပြောပွဲမျိုး ဘယ်နယ် မှာမှ ရှိမှာ မဟုတ်ဘူး”” ဟု သတင်းယူရန်လာသော ရန်ကုန်မှ ပြည်တွင်း သတင်းထောက်တစ်ဦး ကပြောလာသည်။
““တစ်နိုင်ငံလုံးမှာ ကျွန်နော်တို့မြို့နယ်ကို မီတဲ့လှုပ်ရှားမှုမျိုး မရှိဘူးလို့ထင်တယ်””ဟု ဦးဇော်မင်း သိန်း၏ ကိုယ်စားလှယ် ဖြစ်သူ ကိုပေါက်ကြီးက ဆိုသည်။ ရွေးကောက်ပွဲကျင်းပရန် နှစ်ရက် အလို နံနက်ခင်းသည် လူထု စည်းလုံးမှုဖြင့် အသက်ဝင် လှုပ်ရှားနေသည်။ ယခုဟောပြော ပွဲမတိုင်မီက သူတို့ တစ်သီးပုဂ္ဂလ နှစ်ဦး၏ အောင်နိုင်ရေး ရုံးခန်းဖွင့် ပွဲပြုလုပ်စဉ်ကလည်းပရိသတ်ပေါင်း တစ်ထောင်ကျော်တက်ရောက်ခဲ့လေ သည်။

မြင်ကွင်း(၃)
(နိုဝင်ဘာ ၇ ရက်နှင့် အိုင်သ ပြုကျေးရွာ)
နံနက်မိုးမလင်းမီကတည်း က ဆိုင်ကယ်စက်သံများ စီစီညံ နေသည်။ ရန်ကြီးအောင် ဆန် စက် တစ်သီးပုဂ္ဂလ ရုံးခန်းအတွင်းမှ တယ်လီဖုန်းသံကလည်း ဆက်တိုက်မြည်နေသည်။ လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ ရွာလယ်လမ်းမကြီးရှိ အဆိုပါရုံးခန်းသို့ မဲရုံကိုယ်စား လှယ် လူငယ်တစ်ဦး ဆိုင်ကယ်ဖြင့် ဒရောသောပါးရောက် လာသည်။ သူတာဝန်ကျရာ မဲရုံ သို့ အ၀င်မခံသည့်အပြင် မဲပေးမှုကိုပါ ကြည့်ခွင့်မရ၍ ရုံးသို့လာပြေးပြောခြင်း ဖြစ်သည်။ မြစ်ကျိုးရွာ မှာလည်း မဲရုံကိုယ်စားလှယ်၏ ဆွေမျိုးအယောက်နှစ်ဆယ်ခန့်ကို မဲပေးရန် စာရင်းမသွင်းထား ကြောင်း၊ ခမောက်စုကျေးရွာရှိ မဲရုံတစ်ရုံမှာ လည်း မဲပေးခွင့်ရှိသူ ၃၆၀ ခန့်တွင် အယောက် ၆၀ က ကြိုတင်မဲဖြစ် နေကြောင်း စသည်ဖြင့် ဆိုင်ကယ်ဖြင့်တစ်မျိုး၊ ဖုန်းဖြင့် တစ်ဖုံ သတင်းတွေ ရောက်လာသည်။ မည်သည့်ကိစ္စကို အရင်ဆုံး ဖြေရှင်းရမည်ဆိုသည်ကို တစ်သီးပုဂ္ဂလနှစ်ဦး၏ ရုံးခန်းမှ တာဝန်ကျသူက ဆုံးဖြတ်ရခက်နေ သည်။
““မဲရုံပေါင်း ၂၁၃ ရုံမှာ ကိုယ် စားလှယ် လေးရာကျော်လွှတ်ထားတာ မိုးမလင်းခင်ကတည်းက ပြဿနာမျိုးစုံဖြစ်နေပြီ”” ရုံးခန်းမှ တာဝန်ရှိသူ ဦးခင်မောင်လွင်က ပြောသည်။

မြင်ကွင်း(၄)
““ဟင်္သာနဲ့ ချိုးဖြူဘေးမှာ အမှန်ခြစ်ခဲ့တယ်´´ ဟု မြစ်ကျိုးရွာမှ အမျိုးသမီးကြီးတစ်ဦးက အားပါးတရပြောသည်။
သူကဲ့သို့ပင် ဟင်္သာနှင့် ချိုးဖြူ ကို အမှန်ခြစ် ခဲ့သည်ဟုမဲရုံများမှ ထွက်လာ သူတိုင်းလိုလိုကပြော သည်။ခမောက်စုကျေးရွာ ပန်းဘဲတန်းရပ်ကွက် မဲရုံအမှတ် ၁ တွင် နေ့လယ်တစ်နာရီကျော်နေပြီ ဖြစ်သဖြင့် မဲလာပေးသူ မရှိသ လောက်ဖြစ်နေပြီး တခြားမဲရုံများ တွင်တော့ အလုပ်ထဲမှလာသူ၊ လယ်ထဲမှ တက်လာသူများ မဲပေးရန် တဖျောက်ဖျောက် ရောက်လာနေကြသည်။
““လေးနာရီအထိစောင့်မယ် မလာရင်တော့ မဲရုံပိတ်မယ် အိပ်ရာထဲအထိလိုက်နှိုးပြီး မဲပေး ဖို့ဆန္ဒတောင်းနေစရာမလိုဘူး။မင်းဟာ အမတ်လောင်းမို့လို့ အဲဒီလောက်လုပ်နေတာလား ငါတို့တာဝန်မှာအဲဒါမပါဘူး”” ဟု မဲရုံအကူတစ်ယောက်က အခြားမဲရုံအကူ စာရေးအား လှမ်းပြောနေ သည်။  ““ကြိုတင်မဲကို မီးရထားဝင်း ထဲက အလုပ်သမားခေါင်းက တစ်ယောက် တည်းဖြည့်လိုက်တယ် အလုပ်သမားတွေက အလုပ်ဆင်းရမှာ မို့လို့ဆိုပြီးပြောတယ်””ဟု မဲရုံကိုယ်စားလှယ်တစ် ဦးက ပြောသည်။
““ဟေ့ ခြင်္သေ့နော် ခြင်္သေ့၊ ဟင်္သာတို့ရဲ့ နန်းတော်ရှေ့ ဟင်္သာ တို့ရဲ့ နန်းတော်ရှေ့””   ဟု အသက် လေးဆယ်ကျော် အသားဖြူဖြူ ပိန်ရှည်ရှည်နှင့် ခြင်္သေ့ပါတီ တံဆိပ်ပါ စွပ်ကျယ်နှင့် ဦးထုပ် ၀တ်ဆင်ထားသူတစ်ဦးက သူ့ဇနီး ဖြစ်သူ မဲရုံမှူးကျောင်းဆရာမကို အော်ပြောနေသည်။
““ကဲ  … မဲပေးမယ့်သူ တွေ ထဲက ကြိုတင်မဲ ၆၀ ကို နောက်မှရေမယ်။ အခု ၃၀၆ ဦးရှိတယ် တစည က ၅ မဲ ကြံ့ခိုင်ရေးက ၁၅၈ မဲတစ်သီးပုဂ္ဂလက ၁၂၇ မဲ၊ ပယ်မဲ ၁၆ မဲ”” ဟု မဲရုံတစ်ရုံမှ မဲရုံမှူးက အဖြေကို ရေတွက်နေသည်။ ပြည်သူ့လွှတ်တော် မဲရေ တွက်ပြီးနောက် တိုင်းဒေသကြီး လွှတ်တော် မဲကိုရေတွက်ရာ မဲပေး သူ ၃၅၃ ယောက်တွင် ကြံ့ခိုင်ရေး ၁၈၆ မဲနှင့် တစ်သီးပုဂ္ဂလ ၁၀၇ မဲဖြစ်ပြီး ကြိုတင်မဲမှာ ခြင်္သေ့က ၅၈ မဲ၊ ပယ်မဲနှစ်မဲဖြစ်သည် ဟု မဲရုံမှူးကပြောသည်။အဆိုပါ စာရင်းများကို မဲရုံကိုယ်စားလှယ်များက မှတ်သားပြီး သက်ဆိုင်ရာ မိမိတို့ ရုံးများသို့ အကြောင်း ကြားနေကြ သည်။

မြင်ကွင်း (၅)
ညအမှောင်က တဖြည်းဖြည်းဝင်ရောက်လာသည်။ အိုင်သပြုကျေးရွာဆီသို့ မော်တော် ဆိုင်ကယ် များ တစ်စင်းပြီး တစ်စင်း ပြန်လာနေကြသည်။
““ကျမကတော့ ကြိုတင်မဲ တွေကို ရေမနေနဲ့တော့ ယူပြီးပေါင်းလိုက်တော့လို့ ပြော လိုက်တယ်”” ဟု မဲရုံကိုယ်စားလှယ် တစ်ဦးက သူမ တာဝန်ယူထား သောမဲရုံမှ အတွေ့အကြုံကို ပြန်ပြောပြ နေသည်။
““ဟေး..ဟေး…ဟေး. ..””
ရွေးကောက်ပွဲည ခုနှစ်နာရီခန့်မှ ညဆယ့်နှစ်နာရီခန့်အထိ ရန်ကြီးအောင် တစ်သီးပုဂ္ဂလ ရုံးခန်း အတွင် ပွက်လောရိုက်နေသည်။ မဲရုံကိုယ်စားလှယ်တစ်ဦး ပြန်လာတိုင်း ၀ိုင်း၍လက်ခုပ်တီး နေကြသည်။ ထောက်ခံမဲရရှိမှုအဖြေကို ရေတွက်သူကလည်း တစ်ယောက်လာတိုင်း တစ်ခါ ပေါင်းလိုက်ဖြင့် အလုပ်ရှုပ်နေ သည်။
““အခုအားလုံးပေါင်း အဖြေ ကတော့ မတိမ်းမယိမ်းပဲ။ ဒီအိုင် သပြုမှာတော့အသာမဲ ၂၀၀၀ နဲ့ ဖြတ်ထားတယ်။ ခမောက်စုမှာ တော့ မဲရုံတိုင်းရှုံးတယ်၊ ၀ဲတောင် မှာတစ်မဲမှမရဘူး။ မန်းကျီးပင် ကွင်း က ရှုံးချက်က ကွာတယ်”” ယင်းက လက်ရှိအခြေအနေကို ရှင်းပြသည်။
ည ဆယ်နာရီခန့်မှာ ဒေါက် တာစိုးလွင်ရောက်လာပြီး သူ့လူ တွေနှင့် စကားပြောကြသည်။  ည ၁၁ နာရီ ခန့်လောက်မှာ တော့ တိုင်းဒေသကြီးလွှတ်တော် တွင် ၀င်ပြိုင်သည့် ဦးဇော်မင်း သိန်းက ရန်ကြီးအောင် ရုံးခန်းအတွင်းမှ ပက်လက်ကုလားထိုင်အပေါ်မှာပင် ပင်ပန်းစွာအိပ်ပျော်သွား သည်။
မမျှော်လင့်သော အရှုံး
လေးမျက်နှာမြို့နယ်တွင် လွှတ်တော် သုံးရပ်စလုံး၌ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီနှင့် တစ်သီး ပုဂ္ဂလ နှစ်ဦးတို့ ၀င်ရောက် ယှဉ်ပြိုင်ကြရာတွင် မဲဆွယ်ဟော ပြောပွဲ လူထုထောက်ခံမှုများအရ တစ်သီးပုဂ္ဂလများက အနိုင်ရဖွယ် ရှိနေသည်။မြို့နယ်ကျေးရွာ အသီးသီးမှ ဒေသခံတို့၏ ပါးစပ် ဖျားမှာလည်း ဟင်္သာနှင့် ချိုးဖြူတို့ ကရေပန်းစားနေသည်။ ဦးဇော်မင်းသိန်းနှင့် ဒေါက်တာ စိုးလွင်တို့ကို ဒေသခံပြည်သူ လူထုအားလုံးလိုလိုက သူတို့၏ ကိုယ်စားလှယ်နှစ်ဦးအဖြစ် ကြို တင်သတ်မှတ်ပြီးသား ကဲ့သို့ ဖြစ်နေကြသည်။
သို့ရာတွင် နောက်ဆုံးမဲရေ တွက်ရလဒ် အဖြေထွက်မှုများမှာ တော့ လေးမျက်နှာ မဲဆန္ဒနယ်ပြည် သူ့လွှတ်တော်တွင် ပြည်ခိုင်ဖြိုး ပါ တီက ဦးဘဌေးက ၃၄၂၈၈ မဲ၊တစည ပါတီမှ ဦးရွှေသောင်းက ၁၀၆၇ မဲ တစ်သီးပုဂ္ဂလ ဒေါက် တာစိုးလွင်က ၂၁၉၁၆ မဲ ဟုဖြစ်လာသည်။ ထို့အတွက် ဒေါက်တာ စိုးလွင်ရှုံးလေသည်။တိုင်းဒေသကြီး လွှတ်တော်တွင်ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးဇော်မင်းသိန်း ကိုလည်း ပြည်ခိုင် ဖြိုးပါတီမှ ဦးကျော်ဝင်းနိုင်က အပြတ်အသတ်နိုင်သွားသည်။
““ကျနော်တို့ ရှုံးနိမ့်ခဲ့ပြီးပြီ။ အဲဒီအရှုံးကို လက်ခံပြီးတော့ နောက်ငါးနှစ်မှာ ကြုံရမယ့် ပြိုင်ပွဲ တစ်ခုအတွက် ကြိုတင်ပြင် ဆင်ကြဖို့ အမှားတွေကိုလည်း ပြင် ဆင်ဖို့၊ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းဖို့ ပြောချင်ပါတယ်´´  ဟု သူတို့ တစ်သီးပုဂ္ဂလရုံးခန်းလေးမှ ပြောရေးဆိုခွင့်ရ တာဝန်ရှိသူတစ် ဦးဖြစ်သော ကိုဂုဏ်ရည်စိုးက ပြောသည်။
ဘာပဲဖြစ်ဖြစ် အိုင်သပြုရွာ သားတွေကတော့ ယခုရလဒ်အပေါ်““ မမြတ်သော်လည်း အရင်းပဲ ”” ဟု သဘောထားကာ နောက်ငါး နှစ်ကို မျှော်ကြလေသည်။      
Drysnakeblogger မှ ထပ်ဆင့် ဝေမျှပါသည်။


No comments:

Post a Comment